Monday, December 13, 2021

မိုဘိုင်းလ်ဒေတာသုံးစွဲမှုကို ဘယ်လို ချွေတာနိုင်မလဲ

.


.

အဆမတန် ဈေးတက်လာတဲ့ မိုဘိုင်းဒေတာဈေးနှုန်းတွေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လက်ခံသည် ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့နေရပြီပဲဖြစ်ပါတယ်။ ဒီတော့ မိုဘိုင်းဒေတာဖိုးငွေ ကျန်ကျမှု သက်သာအောင် ဘယ်လို ချွေတာနိုင်မလဲ ဆိုတာကို စဉ်းစားကြရတော့မှာ ဖြစ်ပါတယ်။

.

Fiber Internet တွေကတော့ အခုချိန်အထိ ဈေးမတက်သေးဘူး ဆိုပေမဲ့ ဘယ်သူမှ ကံသေကံမ ပြောလို့မရနိုင်ပါဘူး။ ဒါ့အပြင် ဖိုင်ဘာအင်တာနက် ဆိုတာ လက်ရှိမှာ မြို့ပြဒေသတွေအတွက်ပဲ ရရှိနိုင်သေးတာဖြစ်ပြီး မြို့ကြီးတွေရဲ့ ဆင်ခြေဖုံးအရပ်တွေမှာတောင် တချို့ မရရှိသေးတာ ဖြစ်ပါတယ်။

.

ဒီနေ့ခေတ်လို့ သတင်းအချက်အလက် နည်းပညာခေတ်မှာ လူတိုင်းကိုယ်စီ နည်းပညာနဲ့ ကင်းဝေးလို့ မရတော့နိုင် တော့တာလည်း ဖြစ်ပါတယ်။ ဒီတော့ မသုံးလို့လည်း မဖြစ်တဲ့ ဒီ မိုဘိုင်းလ် အင်တာနက်ကို ဘယ်လိုချွေတာ အသုံးပြု နိုင်မယ် ဆိုတာ နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ရပါတယ်။ ဒီနေရာမှာ လူသုံးအများဆုံးဖြစ်တဲ့ Andriod ဖုန်းနဲ့ ပတ်သက်လို့ ကျွန်တော် အဓိကထားပြီး ဆွေးနွေးသွားပါမယ်။

.

၁။        Set Data Limit (ဒေတာပမာဏာ ကန့်သတ်ပါ)

.



တစ်လတာအတွက် ကိုယ်အင်တာနက် ဘယ်လောက်ပမာဏ၊ ဘယ်နှ Gb အထိပဲ သုံးမယ်ဆိုတာကို Andriod ဖုန်းရဲ့ Setting ထဲမှာ တစ်ခါတည်း ကြိုတင်သတ်မှတ်ပြီး ကန့်သတ်လို့ရပါတယ်။ ဥပမာ သင့်အနေနဲ့ လစဉ်ဒေတာ 10 Gb ဝယ်ထားတယ်ဆိုရင် အဲဒီ 10 Gb အတွင်းမှာပဲ သုံးနိုင်အောင်၊ ဒါ့အပြင် ကန့်သတ်ပမာဏ 10 Gb နဲ့ နီးကပ်လာတဲ့ ဥပမာ 8 Gb လောက် ရောက်လာပြီဆိုရင် သင့်ကို သတိပေးစေတာမျိုးကို Andriod ဖုန်းရဲ့ Setting မှာ ကန့်သတ် ထားလို့ ရပါတယ်။ အဲဒီလို ပြုလုပ်ဖို့အတွက် သင့်ရဲ့ Andriod ဖုန်းရဲ့ Setting ထဲမှာ Data warning & limit ထဲကို ဝင်ရောက်ပြီး Data Limit နဲ့ Data Warning ကို သတ်မှတ်နိုင်ပါတယ်။

.

 ၂။        Restrict Backgtound Data or Data Saver (နောက်ကွယ်မှ အပလီကေးရှင်းများကို ကန့်သတ်ပါ)

.



Smart ဖုန်းတစ်လုံးဟာ အင်တာနက်ချိတ်ဆက်ထားပြီဆိုရင် တချို့ဟာတွေက သင်ကိုယ်တိုင်ကြည့်မှ၊ ဒေါင်းလုတ်ဆွဲမှ ဒေတာကုန်ကျတာဖြစ်ပေမဲ့ နောက်ကွယ်ကနေ ကိုယ်မကြည့်ဘဲ၊ မဖွင့်ဘဲနဲ့ သူ့အလိုလျောက် ဒေတာသုံးစွဲနေတာတွေ ရှိပါတယ်။ ဥပမာ App တွေက နောက်ကွယ်မှ Auto Update ပြုလုပ်နေတာမျိုးပေါ့။

.

ဒါကို ကန့်သတ်ဖို့အတွက် Andriod ဖုန်းတိုင်းမှာ Restrict Background Data ဆိုတဲ့ Setting ပါရှိပါတယ်။ တချို့ဖုန်း တွေမှာဆိုရင်တော့ Data Saver လို့ ပါရှိပါတယ်။ သဘောတရားကတော့ အတူတူပဲဖြစ်ပြီး သင်အသုံးမပြုဘဲ သူ့အလိုလို နောက်ကွယ်ကနေ ဒေတာသုံးစွဲနေတာတွေကို ကန့်သတ်လိုက်တဲ့သဘောပါ။ ဒီလိုကန့်သတ်ခြင်းဖြင့် ဒေတာ ကုန်ကျမှုကို တစ်ဘက်တစ်လမ်းကနေ ချွေတာနိုင်မှာဖြစ်ပါတယ်။

.

၃။        Auto-Sync ကို ပိတ်ပါ

.



သင့်ဖုန်းထဲမှာ ထည့်သွင်းထားတဲ့ email အကောင့်၊ ViberFacebook စတာတွေဟာ နောက်ကွယ်ကနေ အလိုလျောက် Sync လုပ်နေတာကြောင့်လည်း ဒေတာသုံးစွဲမှု ကုန်ကျနိုင်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့ Background Data Restict နည်းအတိုင်း လုပ်ထားမယ်ဆိုရင် Auto-Sync ကို တစ်စိတ်တစ်ပိုင်း ပိတ်ထားပြီး ဖြစ်ပေမဲ့ ပိုပြီး သေချာချင်ရင် Andriod ဖုန်းရဲ့ Setting ထဲက Account & Sync မှာ Auto Sync ကို off လုပ်ထားပေးရမှာဖြစ်ပါတယ်။

.

၄။        Google Chrome ရဲ့ Lite mode ကို အသုံးပြုပါ။

.



Andriod ဖုန်းတွေမှာ အသုံးပြုနိုင်တဲ့ Internet Browser တွေဟာ ရွေးချယ်စရာအများအပြား ရှိနေပါတယ်။ တခြားသော ဒေတာသုံးစွဲမှု ချွေတာနိုင်တဲ့ Web Browser တွေ အများအပြား ရှိနေပေမဲ့ ကျွန်တော့်အနေနဲ့တော့ Andriod ဖုန်းမှာနဂိုမူလကတည်းက ပါဝင်တဲ့ Google Chrome Browser ကိုပဲ သုံးစွဲဖို့ အကြံပေးလိုပါတယ်။ Google Chrome ရဲ့ Setting မှာ ဒေတာသုံးစွဲမှု ချွေတာနိုင်တဲ့ Lite mode ဆိုတဲ့ function လည်း ပါဝင်ပြီးသားဖြစ်ပါတယ်။ Chrome Browser မပါဝင်တဲ့ တချို့သော Andriod ဖုန်းတွေမှာလည်း အများစုကတော့ သူ့မှာပါဝင်တဲ့ Browser အလိုက် Data Saver လို Function မျိုး ပါဝင်ပြီးသားဖြစ်ပါတယ်။

.

၅။        Update apps over Wi-Fi only

.



ဒေတာသုံးစွဲမှုကို ချွေတာနိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ Google Play Store ထဲမှာ auto update apps ကို ပိတ်ပေးခြင်းဖြစ်ပါတယ်။ Google Play Store ရဲ့ Setting ထဲက Network Preference ထဲက Auto-update apps မှာ Over any network အစား Over Wi-Fi Only ကို ပေးထားခြင်းအားဖြင့် သင့်ဖုန်းထဲက App တွေဟာ မိုဘိုင်းလ်ဒေတာ ဖွင့်ထားချိန်မှာ Update ပြုလုပ်ပေးတော့မှာမဟုတ်ဘဲ Wi-Fi ရရှိမှသာ Update ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီထဲမှာပဲ Auto-play Videos ကိုလည်း Wi-Fi Only ပေးထားမယ်ဆိုရင် ဒေတာ ပိုပြီးတော့ ချွေတာနိုင်မှာဖြစ်ပါတယ်။

.

၆။        Cache ဖိုင်များကို ဖျက်မပစ်ပါနဲ့

.



ဒီနည်းလမ်းကတော့ Storage အရမ်းနည်းတဲ့ ဖုန်းတွေအတွက် သိပ်တော့ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ Web Page တစ်ခုခုကိုဖြစ်စေ၊ Facebook မှာပဲဖြစ်စေ သင်တစ်ခုခုကို ဝင်ရောက်ဖတ်ရှုတဲ့အချိန်မှာ အဲဒီစာမျက်နှာက Cache ဖိုင် တွေဟာ သင့်ရဲ့ဖုန်းထဲမှာ ကျန်ရှိနေပါတယ်။ အဲဒီလို Cache ဖိုင်တွေကို မဖျက်ဘဲ ထားခြင်းအားဖြင့် သင်ဟာ နောင် တစ်ချိန် မှာ အဲဒီစာမျက်နှာကို တစ်ကြိမ်ပြန်ကြည့်မိတဲ့အခါ စာမျက်နှာအသစ်တစ်ခုကို ကြည့်သလောက် ဒေတာ ကုန်ကျမှု ရှိတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနည်းဟာ ဖုန်းရဲ့ Storage ကို နေရာယူစေတဲ့အတွက် ကိုယ့်ဖုန်းမှာ Storage နည်းနေပြီ ဆိုရင်တော့ Cache ဖိုင်တွေကို ဖျက်ပစ်ဖို့ အကြံပြုပါရစေ။

.

Cache နဲ့ ပတ်သက်လို့ သိသာတဲ့ ဥပမာတစ်ခုကတော့ ဥပမာ Google Map မှာဆိုရင် သင်ကြည့်လိုတဲ့ ဧရိယာမြေပုံ ကို ဖုန်းထဲမှာ Offline Map အနေနဲ့ ဒေါင်းလုတ်ဆွဲထားပြီး နောက်တစ်ကြိမ်ကျရင် အဲဒီနေရာရဲ့ Map ကို အင်တာနက် မဖွင့်ပဲ ကြည့်ရှုနိုင်တာ မျိုး ဖြစ်ပါတယ်။

.

၇။        Malware တွေကို အမြဲရှင်းလင်းပါ

.



သင်နေ့စဉ် အင်တာနက်အသုံးပြုနေတာနဲ့အမျှ အမျိုးမျိုးသော ဆိုးကျိုးပေးနိုင်တဲ့ malware တွေဟာ သင့်ဖုန်းထဲကို ဝင်ရောက်နေနိုင်ပါတယ်။ အဲဒီ malware တွေကလည်း သင့်ဖုန်းရဲ့ ဒေတာများစွာကို စားသုံးနိုင်တာ သတိပြုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် malware တွေကို အမြဲတမ်းရှင်းလင်းဖို့ လိုအပ်ပါတယ်။ အဲဒီလို အမြဲရှင်းလင်းဖို့အတွက် အမျိုးမျိုးသော Anti-virus Apps တွေကို အသုံးပြုနိုင်သလို Google Play Store မှာလည်း Play Protect Function ပါဝင်ပြီးသား ဖြစ်ပါတယ်။

.

အခု ဖော်ပြခဲ့တဲ့ နည်းတွေကတော့ Andriod ဖုန်းတိုင်းမှာ လုပ်ဆောင်သင့်တဲ့ အချက်တွေပဲဖြစ်ပါတယ်။ ဖုန်းအမျိုး အစားအလိုက် အခေါ်အဝေါ်နဲ့ setting နေရာ အပြောင်းအလဲတချို့ ရှိနိုင်ပေမဲ့ အခြေခံသဘောတရားကတော့ အတူတူပဲ ဖြစ်ပါတယ်။

.

ဆက်လက်ပြီးတော့ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိ အသုံးများတဲ့ Social App တွေမှာ ဘယ်လို Data ချွေတာနိုင် မယ်ဆိုတာကို ဆက်ပြီး ပြောပြပါဦးမယ်။

.

Facebook

Facebook မှာဆိုရင် ဒေတာသုံးစွဲမှု အများဆုံးက Video များ ကြည့်ရှုခြင်း ဖြစ်ပါတယ်။ Facebook မှာ Data ချွေတာ နိုင်ဖို့ အဓိက လုပ်ဆောင်ရမယ့် အချက်တွေကတော့ Video Auto Play ပိတ်ခြင်းနဲ့ Video Quality လျှော့ချခြင်း ဖြစ်ပါတယ်။

.

Facebook ရဲ့ နဂို မူလ setting အရ သင့်အနေနဲ့ video တစ်ခုကို မကြည့်ချင်ပေမဲ့ ပွတ်ဆွဲသွားရင်းနဲ့ သူ့နေရာကို ရောက်တဲ့အခါ အဲဒီ ideo က Auto Play နေတာကို တွေ့ရမှာပါ။ အဲဒါကို ပိတ်ဖို့အတွက် Facebook ရဲ့ Setting > Media > Auto Play ထဲမှာ Never Autoplay Videos ကို ရွေးပေးပါ။ နောက်ပြီးရင် အဲဒီမှာပဲ Video Quality မှာ Data Saver ကို ရွေးချယ်ပေးထားမယ်ဆိုရင် Facebook Video တွေကနေ ဒေတာစားသုံးမှုကို အထိုက်အလျောက် လျှော့ချ နိုင်မှာဖြစ်ပါတယ်။

.

.

Messanger

Messanger ရဲ့ Setting မှာလည်း Data Saver Function ပါရှိတဲ့အတွက် On ထားပေးဖို့ လိုပါတယ်။ ဒီထက်ပိုပြီး Data ချွေတာချင်သေးတယ် ဆိုရင်လည်း Meta (Facebook) က ထုတ်တဲ့ အဖြူရောင် Facebook Lite နဲ့ Messanger Lite App တွေကို အသုံးပြုနိုင်ပါသေးတယ်။

.



.

Viber

Viber မှာလည်း Data ချွေတာနိုင်ဖို့ Function တွေ ပါဝင်ပါတယ်။ Viber Setting ထဲက Media and storage မှာ Photo Quality ကို လျှော့ချတာတွေ၊ Auto download meda over mobile network ကို ပိတ်တာမျိုးတွေ၊ Auto Play Video ပိတ်တာမျိုးတွေကို လုပ်ဆောင်နိုင်ပါသေးတယ်။

.



.

Telegram

Telegram ကလည်း ဒေတာစားသံးမှုများတဲ့ Social App တစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ဝင်လာသမျှ Photo တွေ၊ Video တွေကို Auto save လုပ်နေတဲ့အတွက် ဖြစ်ပါတယ်။ ဒီအတွက်လည်း ပြန်ပြီးတော့ ပြင်ဆင်နိုင် ပါ‌သေးတယ်။

.

Telegram ရဲ့ Setting ထဲက Data and storage မှာ Automatic media download ကို ပိတ်တာမျိုးတွေကို လုပ်ဆောင်နိုင်ပါတယ်။

.



.

Youtube

Social Platform တွေထဲမှာ ဒေတာ သုံးစွဲမှု အများဆုံးကတော့ Youtube ပါပဲ။ Youtube ကနေ ဒေတာ သုံးစွဲမှု သက်သာဖို့အတွက် Setting ထဲမှာ Data Saving ဖွင့်တာတွေ၊ Video Quality လျှော့ချတာတွေကိုလည်း လုပ်ဆောင် နိုင်ပါတယ်။

.



.

အခုဖော်ပြခဲ့တဲ့ နည်းတွေကတော့ မိုဘိုင်းဒေတာ ကုန်ကျမှု အထိုက်အလျောက် သက်သာစေဖို့ ပြင်ဆင်နိုင်တဲ့ နည်းလမ်းတချို့ပဲဖြစ်ပါတယ်။

.

ရွှင်လန်းချမ်းမြေ့ကြပါစေ။

.

 

 


No comments:

Post a Comment