Friday, July 2, 2021

Window 11 ပြောင်းသုံးတော့မှာလား

.




Window 11 Pro Preview

.

Microsoft ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်က Operating System အသစ် Window 11 Pro ကို မိတ်ဆက် ပြသခဲ့ ပါတယ်။ အချိန်ဇယားများအရ Window 11 ကို ၂၀၂၁ နှစ်ကုန်ပိုင်းမှာ တရားဝင် ထုတ်ဝေဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ Window အသုံးပြုသူများ စမ်းသပ်အသုံးပြုနိုင်ဖို့အတွက် Developer Version များလည်း ထွက်ပေါ်နေပါတယ်။

.

Microsoft ရဲ့ မိတ်ဆက်ပွဲ မတိုင်ခင် တစ်ပတ်လောက်ကတည်းကနေ Window 11 Beta Version (21196) စတင်ထွက်ပေါ်ခဲ့ပြီး ဇွန်လကုန်ရက်မှာ Window 11 Pro (21H2) (22000.51) ထပ်မံထွက်ပေါ်လာပါတယ်။

.

အသစ်အဆန်းကို စမ်းသပ်လိုတဲ့ User များက စတင်စမ်းသပ်အသုံးပြုမှုများ ရှိနေပြီး ကောင်း/ဆိုး ဝေဖန်မှုများ လည်း ရှိနေပါတယ်။ ယခု ကျွန်တော့် အနေနဲ့ စမ်းသပ်အသုံးပြုထားတာနဲ့ ပတ်သက်ပြီး သာမန် User တစ်ယောက် အနေနဲ့ သုံးသပ်ပြလိုပါတယ်။

.

Window 11 တင်မှာလား

.

ပထမဆုံး ပြောချင်တာကတော့ Window 11 တင်မှာလား ဆိုတာပါ။ တင်ချင်တယ်ဆိုရင် ကိုယ့်စက်နဲ့ ကိုက်ညီမှ တင်လို့ အဆင်ပြေပါမယ်။ UEFI Boot ရ ရမယ်။ GPT Partation ဖြစ်ရမယ်။ (ဆရာသမားတွေကတော့ MBR မှာလည်း တင်နိုင်အောင် ပြင်ဆင်ပေးထားတာ ရှိပါတယ်။ စမ်းသပ်အသုံးပြုလို့ရပါတယ်။) အခုလက်ရှိ ပြည်တွင်းမှာ စမ်သပ်အသုံးပြုနေသူ တော်တော်များများတောင်မှ လိပ်ပတ်မလည်သေးပါဘူး။ ဆရာသမားများကို မဆိုလိုပါ။ ကျွန်တော့်လို သာမန် User များကို ပြောခြင်းဖြစ်ပါတယ်။

.

ဘာတွေ ပြောင်းလဲသွားသလဲ

.

Window 11 မှာ ဘာတွေ ပြောင်းလဲသွားသလဲ ဆိုရင် ပထမဆုံး စက်စတက်တက်ခြင်းမှာ တွေ့ရမှာကတော့ Start Menu ပါ။ တစ်သက်လုံး ဘယ်ဘက်ထောင့်မှာထားခဲ့တဲ့ Window Start Menu က Task Bar ရဲ့ အလယ်ခေါင်ကို ရောက်လာပါတယ်။ မကြိုက်လို့ အရင်လိုပဲ ဘယ်ဘက်မှာ ထားချင်ရင်လည်း ထားလို့ရအောင် ပြင်ဆင်ပေးထား ပါတယ်။

.

ကျန်တာတွေကတော့ Wallpaper တွေကအစ User Interface (UI) တွေ တော်တ်ောလေးကို အပြောင်းအလဲ ဖြစ်သွား ပါတယ်။ (ပထမ စထွက်တဲ့ 21196 version နဲ့ အခုထပ်ထွက်တဲ့ 22000.51 Version နှစ်ခု ကြားမှာတောင် တော်တော် လေးကို ပြောင်းလဲသွားပါတယ်။ ကျန်တဲ့ ပြောင်းလဲမှုတွေကတော့ သုံးကြည့်ရင်းနဲ့ သိလာပါလိမ့်မယ်။ တော်တော်လေး ကို သုံးရတာ လွယ်ကူအဆင်ပြေလာတာ တွေ့ရပါတယ်။ ဒါဖြင့် အဆင်မပြေတာ ရှိသလား။ ကျွန်တော့်အမြင် အဆင်မပြေတာလေးတွေကို ပြောပြပါမယ်။

.

မကြိုက်တဲ့ Right Click


ကွန်ပျူတာတစ်လုံး စကိုင်ပြီဆိုရင်ဖြစ်ဖြစ် program တစ်ခုခုကို ဖွင့်ထားလို့ စောင့်နေတာဖြစ်ဖြစ် အမြဲတမ်း လုပ်မိတဲ့ အလုပ်ကတော့ right click – refresh ပဲ။

.

အခု 11 Pro မှာ အဲဒီလိုလုပ်ဖို့ ခက်ခဲသွားပြီ။ F5 Key ကို နှိပ်ပြီး refresh လုပ်လို့ရတယ် ဆိုပေမဲ့ တစ်သက်လုံး ဆေးလိပ်သောက်လာတဲ့သူ ဖြတ်မရသလို right click – refresh ပဲ လုပ်ချင်မိတယ်။

.

ထို့အတူ တခြား right click feature တွေ အသုံးပြုဖို့ကလည်း ခက်ခဲသွားတယ်လို့ မြင်မိပါတယ်။

.

မပြည့်စုံသေးလို့ မြင်မိတဲ့ ခလုပ်တွေ


Task Bar ရဲ့ အောက်ထောင့်နားမှာရှိတဲ့ ခလုပ်တွေက မစုံသေးဘူးလို့ မြင်မိတယ်။ ဥပမာ location ခလုတ် မတွေ့မိဘူး။

.

အဲဒီလို မပါသေးတဲ့ ခလုတ်တွေအတွက် setting ထဲကို ဝင်ပြီး မွှေနှောက်ရှာဖွင့်နေရတဲ့ ဒုက္ခကလည်း မသက်သာ လှဘူး။


ဒါက Window 10 တုန်းက ပုံစံပါ။

.

ဒါကတော့ လက်ရှိ ကျွန်တော် စမ်းသပ်မိသလောက်ပဲ ရှိပါသေးတယ်။ ဘာတွေ ပိုကောင်းလာပြီး ဘာတွေ လိုအပ်ချက် ရှိနေတယ် ဆိုတာကတော့ သုံးစွဲသူတွေ ကိုယ်တိုင် ကိုယ့်လိုအပ်ချက်အပေါ် မူတည်ပြီး အမျိုးမျိုးတော့ ရှိနေဦးမှာပါပဲ။

.

မပြည့်စုံသေးဘူး ဆိုပေမဲ့ တစ်ဖြည်းဖြည်းချင်းတော့ Version တစ်ခုထက်တစ်ခု ပိုပိုပြီး ကောင်းမွန်လာမှာ ဖြစ်ပါတယ်။

.

ဘယ်လိုပဲဖြစ်ဖြစ် Microsoft ရဲ့ OS အသစ် Window 11 ကတော့ တစ်ချိန်ချိန်မှာ ကျွန်တော်တို့ ကွန်ပျူတာ အသုံးပြုသူ အားလုံး မဖြစ်မနေ ပြောင်းလဲသုံးစွဲရတော့မယ့် OS တစ်ခု ဖြစ်ပါတယ်။ ၂၀၂၅ နောက်ပိုင်းမှာ လက်ရှိ Window 10 ကို Microsoft က Support မလုပ်တော့ဘူးလို့လည်း ဆိုလာပါတယ်။

.

ဒီတော့ Window 11 ကို Microsoft က တရားဝင်စဖြန့်ချိမယ့် ၂၀၂၁ နှစ်ကုန်မှာ စသုံးချင်သုံး၊ Window 10 ကို Support မရတော့တဲ့ ၂၀၂၅ နောက်ပိုင်းမှ ပြောင်းချင်လည်း ပြောင်း၊ အဲဒီနောက်ပိုင်းအထိ ပေပြီး သုံးချင်ရင်လည်း သုံးနိုင်ကြပါတယ်။ အခုထက်ထိလည်း Window 7 အသည်းကျော်တွေ၊ XP မှ XP ဆိုသူတွေလည်း ရှိနေကြတုန်းပါပဲ။

.

သာမန် User တစ်ယောက်ရဲ့ အမြင်များသာဖြစ်လို့ လိုအပ်ချက်များ/မှားယွင်းမှုများ ရှိခဲ့ရင် ကြိုတင်တောင်းပန်ပါတယ်။

.

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ၊ အွန်လိုင်းမှဆရာများအားလုံးကို ထာဝရ လေးစားလျက်

 

No comments:

Post a Comment